ဘယ်သူ့မှ မကြောက်လို့ အုပ်ချုပ်ရေးမှူးလုပ်မယ်လို့ အရပ်ထဲ အသံချဲ့စက်နဲ့အော်တဲ့သူ အသတ်ခံရ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် မည်သူ့ကိုမှ မကြောက်၍ ကိုယ်တိုင်အုပ်ချုပ်ရေးမှူး လုပ်မည်ဟု ကျေးရွာအတွင်း အသံချဲ့စက်ဖြင့် ကြွေးကြော်ခဲ့သူ အုပ်ချုပ်ရေးမှူးအသစ် ဦးဆန်းလင်းသည် ယမန်နေ့က သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

လွန်ခဲ့သည့်တစ်လန်လောက်က ရေစကြိုမြို့နယ် သာစည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဆန်း နှုတ်ထွက်သွားချိန်တွင် ဦးဆန်းလင်းက ၎င်းကိုယ်တိုင် အုပ်ချုပ်ရေးမှူးလုပ်မည်ဟု ရွာအတွင်းလိုက်လံ ဟစ်ကြွေးခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ရေစကြိုမြို့နယ် သာစည်အုပ်စု ရဲသတင်းပေး၊ အုပ်ကြီးအသစ် ဆန်းလင်းအား သုတ်သင်ရှင်းလင်း အရေးယူခဲ့တယ်” ဟု ရေစကြို PDF တပ်ဖွဲ့က အောက်တိုဘာ ၁ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။ဦးဆန်းလင်းသည် သာစည်ကျေးရွာ ရွာအဝင်လမ်းတွင် ယမန်နေ့ညနေ ၅ နာရီခန့်ကအသတ်ခံလိုက်ရခြင်းဖြစ်သည်။

ရေစကြိုမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများအားလုံး စက်တင်ဘာလ ၃၀ ရက်နေ့အထိ နောက်ဆုံးထား၍ နှုတ်ထွက်ကြရန် ရေစကြို PDF က သတိပေးပြီးထားပြီး မလိုက်နာပါက ထပ်မံသတိပေးတော့မည်မဟုတ်ဘဲ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

ယင်းအပြင် ရေစကြိုမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာလ ၁ ရက်) ညနေ နှစ်နာရီခွဲအချိန်ခန့်တွင် မြို့ဝင်ဂိတ်အား စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရေစကြို PDF က ယမန့်နေ့ညကထုတ်ဖော် ပြောဆိုထားသည်။

Be the first to comment

Leave a comment

Your email address will not be published.


*