ကရင်နီပြည်နယ်က တရားဥပဒေစိုးမိုးရေးအတွက် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ဖွဲ့လိုက်ပြီ

စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေသော ကရင်နီပြည်နယ်တွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့ဖွဲ့စည်းပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင် နေသည်ကို တွေ့ရသည်။

ကရင်နီဒေသတွင်း ရာဇဝတ်မှုကျူးလွန်သူများကို ကရင်နီပြည်နယ် ရဲဌာန (KSP) က အရေးယူမှုများရှိနေသည်။KSP ကို ရဲဝန်ထမ်း ၃၀၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ အဆိုပါရဲဝန်ထမ်း များမှာ အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ကာ အကြမ်းမဖက်အာဏာဖီ ဆန်ရေးလှုပ်ရှားမှု CDM လုပ်လာခဲ့သူများဖြစ်သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းရာတွင် ရိုက်နှက်ညှင်းပန်းမှုများမရှိဘဲ လူအခွင့်အရေးနှင့်အညီ စစ်ဆေးလုပ်ဆောင်ကြောင်းနှင့် ချုပ်နှောင်ထားစဉ် ထမင်းသုံးနပ်ကျွေးကြောင်း KSP ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက မဇ္ဈိမကို ပြောသည်။

KSP တွင် ရာဇဝတ်နှိမ်နင်းရေး၊မှုခင်းနှင့်ရုံးအဖွဲ့၊ ရိမ်းဂျားကယ်ဆယ်ရေး၊ လူထု လုံခြုံရေးနှင့်ထောက်လှမ်းရေး ဌာနများဖွဲ့စည်းဆောင်ရွက်နေကြောင်း သိရ သည်။ကရင်နီပြည်နယ်ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးနိုင်ရေး ဆောင်ရွက်လျှက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များ နှင့် မတူဘဲ ပြည်သူလူထုမှ အားထားရသည့် စံပြရဲတပ်ဖွဲ့ ဖြစ်ရန်ကြိုပမ်း နေကြောင်း KSP ပြန်ကြားရေးတာဝန်ခံကဆိုသည်။

ယမန်နေ့က Karenni Generation Z (KGZ) က ဖမ်းဆီးရမိသည့် WY စိတ်ကြွဆေးပြား ၇၀ ခန့်ကိုလက်ဝယ်တွေ့ရှိသူဟုဆိုသော အမျိုးသားတစ်ဦးကို ယနေ့တွင် KSP သို့လာရောက်အပ်နှံသည်ကိုတွေ့ရသည်။

“KSP အဖွဲ့မှ ၎င်းမသင်္ကာသူ ကိုယ်ခန္ဓာအား ကနဦး စစ်ဆေးရှာဖွေရာ ၎င်းခန္ဓာ ကိုယ်ပေါ်မှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၇ ပြားအား ရှာဖွေတွေ့ရှိခဲ့ပါသည်” KSP ၏လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

အဆိုပါ မသင်္ကာသူအား KSP မှ စစ်ဆေးမေးမြန်းမှုများဆောင်ရွက်လျက်ရှိပြီး လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Be the first to comment

Leave a comment

Your email address will not be published.


*